Tuesday 11 October 2011

မြန်မာစစ်တပ် အမြောက်ဆန်ကြောင့် ကလေးတစ်ဦး သေဆုံး

ကချင်ပြည်နယ် တောင်ပိုင်း မန်ဂျေ(မံစီ)မြို့နယ်၊ နမ်လင်းပါ (Nam Lim Pa) ကျေးရွာတွင် အောက်တိုဘာ ၈ ရက် စနေနေ့က မြန်မာအစိုးရတပ်မှ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ကလေး ကျောင်းသားတစ်ဦး သေဆုံးကြောင်း ရွာသားများပြောသည်။
ဒေသစံတော်ချိန် နံနက် (၁၁) နာရီကျော်တွင် အစိုးရစစ်ကြောင်းက ပစ်ခတ်လိုက်သည့် အမြောက်ကျည်သည် ကချင် ရိုမန်ကတ်သလစ် ကျောင်းဘော်ဒါ ၀င်းထဲတွင် ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းသား (၁) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာရခဲ့သည်ဟု ရွာသားများပြောသည်။
စစ်အင်အား ၂၀၀ နီးပါး ရှိ အဆိုပါစစ်ကြောင်းတွင် ဗန်းမော်အခြေစိုက် စကခ(၂၁) လက်အောက် ဗိုလ်မျုးကြီး ကိုကိုနိုင် ဦးဆောင်သော အမှတ် (၁) နည်းဗျူဟာမှ တပ်ရင်း နှစ်ရင်း ပါဝင်သည်ဟု ဒေသခံ စစ်ရေး လေ့လာသူများ ပြောသည်။
နမ်လင်းပါ (Nam Lim Pa) ကျေးရွာသည် အိမ်ခြေ (၁၀၀) ကျော်ရှိကာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) အောက် တပ်ရင်း (၁၂) ထိန်းချုပ်ဒေသဖြစ်သည်။
ကျေးရွာ အမြောက်ပစ်ခတ်ခံရပြီးနောက် အစိုးရတပ်နှင့် KIA တပ် ကြား တိုက်ပွဲများ ဖြစ်လာသည်ဟု ရွာသားများး ပြောသည်။

No comments: