Thursday 6 October 2011

တကယ်လို့များ


လူတစ်ဦးစီမှာ ဘ၀တစ်ခုစီရှိပါတယ်။ အဲဒီဘ၀တစ်ခုကို လူတစ်ဦးစီတိုင်းက အောင်မြင်အောင် ပြုလုပ်နိုင်သလို၊ ကျဆုံးအောင် လည်းပြုလုပ်နိုင်ပါတယ်။ အောင်မြင်မှုသရဖူဆောင်းဖို့ဆိုတာရဲ့ နောက်မှာ ဘုရားရဲ့ကောင်းကြီးက ပေးသင့်/ မပေးသင့်ဆိုတာ ဘုရားရဲ့အပိုင်းပဲ ဖြစ်တယ်။ ကြိုးစားရမယ့်အလုပ်က လူသားရဲ့ အလုပ်ဖြစ်တယ်။ အဲဒီလို ကြိုးစားဖို့ကို ဘုရားက ဦးနှောက် အသိဥာဏ်၊ ဆင်ခြင်တွေးခေါ်နိုင်ဖို့ ရရှိထားပြီး၊ သူဖန်ဆင်းပေးခဲ့ပြီးဖြစ်တယ်။

အဲဒါနဲ့ စကားမစပ်ပေါ့-

သူငယ်ချင်းတစ်ယောက်က ပြောလာတယ်

“ဒီ ကေအိုင်အေ တွေ ငါတို့ ရ၀မ်တွေကို အရင်ကလည်း ရွာလုံးကျွတ် သတ်ဖြတ်ခဲ့တယ်။

အခုလည်း အဲဒီလို သတ်ဖြတ်နေတယ်” ဆိုပြီးတော့ ပြောလာပါတယ်။

မှန်ပါတယ်။ အရင်က ဖြစ်တာမှန်သင့်သလောက်မှန်တယ်။ အဲဒါနဲ့ ဂျိမ်းဖော့ သူငယ်ချင်းကို ပြန်မေးတော့ “မင်းတို့ ရ၀မ်တွေ ငါတို့ ဒူဝါကြီးတစ်ယောက်ကို အရင်သတ်ဖြတ်ခဲ့လို့ လက်စားချေ တဲ့အနေနဲ့ဆိုပြီး အရင်တုန်းက အဲဒီလို ရွာလုံးကျွတ်သတ်ခဲ့တာ” ဆိုပြီး ပြောလာတယ်။

ကျနော်အနေနဲ့တော့ ဘယ်သူမှန်တယ်၊ မှားတယ်လို့ မဆုံးဖြတ်ချင်တော့ဘူး။

ဘာ့ကြောင့်လဲ-

ဥပမာတစ်ခု ပြောပါရစေ။

ဂျပန်တွေက အမေရိကန်ကို ဒုတိယကမ္ဘာစစ်တုန်းက စစ်မီးစပြီး ထွန်းခဲ့လို့၊ အမေရိကန်က မကြေနပ်ချက်နဲ့ ဂျပန်ကို အနုမြူဗုံးကြဲခဲ့တာကို သမိုင်းမှာ သင်ဖူးကြမှာပါ။

အဲဒါနဲ့ ဂျပန်တွေ ဆွေစဉ်မျိုးဆက် အနုမြူဗုံးကြဲတာရဲ့ နောက်က ဖြစ်လာတဲ့ဆိုးကျိုးတွေ အခုချိန်ထိပါပဲ။ ဒါကို သိလျှက်နဲ့ အနုမြူဆိုတဲ့အရာကို အကျိုးရှိတဲ့ဘက်မှာ ဆက်သုံးခဲ့တယ်။

ဆက်သုံးလို့လဲ ကောင်းတဲ့ဘက်က ရှိသလို အခုဆိုးကျိုးပြန်ခံစားရတာ က ပိုများနေတယ်ဆို အားလုံးအသိပဲဖြစ်တယ်။

နောက်တစ်ချက်က

တကယ်လို့ ဂျပန်တွေက အခုအချိန်ထိသာ မကျေနပ်ချက်နဲ့ အမေရိကန်တွေကို တိုက်ဖို့ တကဲကဲ လုပ်နေမယ်ဆိုရင် သူတို့ရဲ့ တိုးတက်မှုတွေက နောက်ကျ ကျန်ခဲ့မှာအမှန်ပဲဖြစ်တယ်။

ဒါပေမယ့် သူတို့က ဒါကို လုံးဝ မေ့ပျောက်ထား (နောက်မျိုးဆက်တွေ သိစရာမလို အောင်)ခဲ့တယ်။ အမေရိကန်တွေ ဒီလို ဗုံးကြဲခဲ့ပါတယ်ဆိုပြီး အမှတ်တရနေရာလေးပဲ ထားခဲ့ကြတယ်။ မကျေနပ်ချက်နဲ့ ထားခဲ့တာမဟုတ်ဘူး။

အဲဒီလို စိတ်ထဲ မေ့ပျောက်ထားပြီးတော့ သူတို့ လုပ်သင့်တာကို ဆက်လုပ်သွားလို့

ဒီကနေ့ ကမ္ဘာ့အလယ်မှာ (အတိုးတက်ဆုံးနိုင်ငံများထဲမှာ) နိုင်ငံ တစ်နိုင်ငံအနေနဲ့ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်တယ်။

အခု ကေအိုင်အေ နဲ့ဖြစ်တဲ့ ကိစ္စအနေနဲ့တော့ ကျနော့် စိတ်ကူးအမြင်ထဲမှာ

ဘာလိုခံစားရသလဲဆို စစ်မြေပြင်ဖြစ်ရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သေကြေလောင်ကျွမ်းမှုတွေ အဖြစ် သုံးသပ်ချင်တော့တယ်။

တကယ်လို့များ အတိတ်၊ အခုဖြစ်တဲ့အရာတွေကို ကချင်လူမျိုးစုတိုင်းက ဘေးဖယ်ထားပြီး ကချင်လူမျိုးစုဝင်အားလုံးရဲ့ တိုးတက်မှု၊ သွေးစည်းညီညွတ်ခြင်းဆိုတဲ့ အရာအတွက် ရှေးရှုပြီး ရှေ့ဆက်အတူတကွ ခရီးသွားကြမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ။

ဘာကြောင့် ကျနော်အနေနဲ့ အခုလိုပြောနိုင်သလဲ။

စဉ်းစားမိတာတစ်ခုရှိတယ်။ အခု လက်တွေ့မြင်နေရတာတစ်ခုရှိတယ်။

အခု ဥရောပနိုင်ငံတွေ (Europe Countries) ဘာကြောင့်သွေးစည်းညီညွတ်ကြသလဲ။

(၁) သူတို့တွေရဲ့ ဘာသာစကားတူညီခြင်း၊

(၂) အချင်းချင်းသွေးစည်းညီညွတ်ခြင်း၊ ကျန်တဲ့ ကျနော်မသိတဲ့အချက်တွေလဲ ပါကောင်း ပါမှာပေါ့။

ဒါတွေကြောင့် သူတို့နိုင်ငံတွေက အဘက်ဘက်က အောင်မြင်ဖို့ (နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ =တိုးတက်ရေး၊ ဆက်ဆံရေး၊ ကူညီမှု၊ ခရီးသွားလာရေးမှာ သဘောတူညီတဲ့အတွက်) ဥရောပနိုင်ငံ တွေက သွေးစည်းညီညွတ်ကြတယ်။

ဒါကြောင့် ဒီကနေ့ ကချင်လူမျိုးစုများအနေနဲ့ အနာဂတ် မှာ ဘာတစ်ခုအဖြစ် စိတ်ကူးတစ်ခုကို ဖော်ဆောင်နိုင်သလဲ။

ကျနော်တို့တွေအားလုံးရဲ့ သမိုင်းစဉ်ဆက်၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ရေမြေဆင်းသက်မှု စတာတွေက တူညီနေတဲ့အတွက် ဘယ်လိုမှ ခွဲထားလို့ မရနိုင်ဘူး။ ကချင်လူမျိုးစု တစ်ခုခု ဥပမာ-ရ၀မ်ရဲ့သမိုင်းကြောင်းကို လေ့လာလိုက်မယ်။ နောက်ဆုံး အားလုံးက စတင်တဲ့နေရာမှာ ပြန်ဆုံကြရမှာ အမှန်ပဲ ဖြစ်တယ်။

ဒါ့အပြင် ကျနော်တို့ သိထားကြတယ်။ အိန္ဒိယ၊ တရုတ်၊ မွန်ဂိုးလီယား၊ ကချင်ပြည်၊ ထိုင်း စတဲ့နိုင်ငံတွေ ကျနော်တို့ သွေးချင်းတွေ အခုထိရှိနေတယ်ဆိုတာ သမိုင်းကို ပြန်ကောက်တော့ အခု ပြန်တွေ့နေရပြီ။

ဒါ့ကြောင့် တကယ်လို့များ

ကျနော်တို့ရဲ့ ကချင်လူမျိုးစုဝင်များရဲ့ နိုင်ငံတွေ ဖြစ်လာခဲ့မယ်ဆိုရင်

ဥရောပမှာ က ဥရောပနိုင်ငံများအဖွဲ့ရှိနေသလို

ကျနော်တို့ရဲ့ စိတ်ကူးက ယဉ်ကျေးမှုနိုင်ငံများ(Culture Countries)အဖြစ် ကချင်လူမျိုးစုများရှိတဲ့ အိန္ဒိယ၊ တရုတ်၊ မွန်ဂိုးလီယား၊ ကချင်ပြည်၊ ထိုင်းနိုင်ငံတွေနဲ့ ယခု ဥရောပနိုင်ငံများလို ဖြစ်လာနိုင်တယ် ဆိုတာကို စိတ်ကူးယဉ် သံစဉ်တစ်ပုဒ်အနေ ပြောပြချင်တယ်။

(ရ၀မ်တိုင်းရင်းသား တစ်ဦး၏ ရင်ဖွင့်သံစဉ်)

(၀န်ခံချက်။ ။ အထက်ပါအကြောင်းအရာများသည် အချို့သောအရာများ တကယ်ဖြစ်ပျက်ခဲ့ဖူးသည့်အရာများလည်း ဖြစ်သလို လူကြီးများ၏ပြောဆိုသံများမှ မိမိ၏ စိတ်ကူး စိတ်သန်း အားဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ ဝေဖန်မှုများကို ရေးသားနိုင်ပါသည်။ တတ်ကျွမ်း၍ ရေးသားရခြင်းမဟုတ်ပါ။ ကျနော်၏ဥာဏ်နှင့် လက်လှမ်းမှီသလောက်ရေးသားဖော်ပြရခြင်းဖြစ်သည်။

စိတ်ကူးယဉ် ပုံဖော်ရေးသားခြင်းဖြစ်သည်ကို ၀န်ခံပါသည်။)

No comments: